ပျဉ်းမနား ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက သကြားစက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ရွှေချီရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်(၂)”ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)