ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်နည်းပညာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်(တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက နိုင်ငံတစ်နိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့စွမ်းအားအရင်းအမြစ်တွေ စနစ်တကျပြုစုပျိုးထောင်ရမှာ ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ နည်းပညာတက္ကသိုလ်/ ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း(၆၁)ကျောင်းရှိရမှာ နေပြည်တော် နည်းပညာတက္ကသိုလ်ကလည်း တစ်ကျောင်းအပါအဝင်ဖြစ်ပါကြောင်း၊ နေပြည်တော်နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကို ယမန်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အထူးပြုဘာသာရပ် (၆)ခုဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ ယမန်နှစ်ကပထမဆုံး ဖွင့်လှစ်တာဖြစ်တဲ့အတွက် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို ဆရာ/ဆရာမများနှင့် ဝန်ထမ်းများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးခဲ့ကြပါကြောင်း၊ ယခုနှစ်မှာတော့ ဒုတိယနှစ်သင်တန်းမှ စီနီယာအကိုအမများက ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြတဲ့ ပွဲလေးဖြစ်ပါကြောင်း၊ အခမ်းအနားထဲမှာရှိတဲ့ လူတိုင်းလူတိုင်းတွင် တောက်ပတဲ့ မျက်လုံး၊ တောက်ပတဲ့အပြုံး၊ ပျော်ရွှင်တဲ့အပြုံးတွေကိုလည်း တွေ့ရှိရပါကြောင်း၊ ဒါတွေဟာ သူတို့ရဲ့အနာဂတ်ကို ဖော်ညွှန်းနေတာပဲဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဘာသာရပ်၊ ဗိသုကာဘာသာရပ် (၆)ခုအပြင် စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်တစ်ခုကို တိုးချဲ့သင်ကြားသွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် အထူးပြုသင်ကြားကြမယ့် မောင်မယ်သစ်လွင်များအားလုံးကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ နေပြည်တော်နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအားလုံးရဲ့ အနာဂတ်တွေတောက်ပကြပါစေ၊ နေပြည်တော်နည်းပညာ တက္ကသိုလ်ကနေ Graduated ဖြစ်ပြီးတော့ Talent ရှိတဲ့ ကလေးများဖြစ်ကြပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကိုယ်စားလှယ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက တေးသီချင်းများ၊ အက၊ ပြဇာတ်များဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြပြီး ပါမောက္ခချုပ်(တာဝန်ခံ) ဒေါက်တာနေမျိုးထွန်းနှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများ၊ Hack Atom ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်(တာဝန်ခံ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၊ ဘာသာရပ်ဌာနမှူးများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)