စစ်တွေ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော နှစ်သစ်ကူး မဟာပဋ္ဌာန်းဒေသနာတော်နှင့်ဥပ္ပါ တသန္တိပရိတ်တော်ရွက်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကစာသင်တိုက်ဆရာတော်က ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားရှင်အားပင့်လျှောက်ပြီး ပြည်နယ်သာသနာရေးမှူးက ပဋ္ဌာန်းဒေသနာတော်နှင့်ဥပ္ပါတသန္တိ ပရိတ်တော်နာကြားရန် နတ်ဗြဟ္မာများကိုဖိတ်ကြားသည်။ယင်းနောက် ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက် စာချဆရာတော်က ပဋ္ဌာန်းအမွှမ်းဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဆရာတော်ကြီးများက ဦးဆောင်ကာ ဘာဏကသံ ဃာတော်များက ပဋ္ဌာန်းဒေသနာတော်မြတ်အား စတင်ဖွင့်လှစ်ပူဇော်ရွတ်ဖတ်တော်မူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ)၌ ကျင်းပသောရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏အစီအစဉ်ဖြင့် ဖွင့်လှစ်သည့်ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကွန်ပျူတာမှာအသုံးများသည့် Window စနစ်အကြောင်းနှင့် Microsoft Office အုပ်စုထဲက Word ၊ Excel ၊ Power Point သင်ခန်း စာများကို အဓိကသင်ကြား ပေးထားခြင်းဖြစ်ကြောင်း၊ အလားတူ စက်ချုပ်ပညာသည်လည်း သက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်ပြီးတစ်ပိုင်တစ်နိုင်ကစပြီး လုပ်ကိုင်နိုင်သည့်လုပ်ငန်းအမျိုးအစားဖြစ်ကြောင်း၊ လူငယ်များနှင့်ကလေး သူငယ်များ၏ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသကဲ့သို့ ယခုသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများသည်လည်း နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ခဲ့သော သင်တန်းသည် လူငယ်များအနေဖြင့် ပညာရေးအခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာများသင်ယူရန် အခွင့်အလမ်းများရရှိစေရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်း များရရှိစေပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ပြီး ဝင်ငွေတိုးတက်ရရှိစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက်ကြောင့် သင်တန်းတွင် သင်ကြားပေးခဲ့သည့် သင်ခန်းစာများကို မေ့ပျောက်မသွားအောင် တစ်ဆင့်ချင်းလုပ်ငန်းခွင် ဝင်နိုင်သည့်အဆင့်ဖြစ်အောင် အဆင့်ဆင့်ကြိုးစားသင်ယူရင်း အလုပ်အကိုင်အခွင့်အလမ်းကောင်း များရရှိပြီး အောင်မြင်သည့်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရခိုင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်ဖွဲ့စည်းတည်ရှိသော မြေသယံဇာတများအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်ကောင်းမွန်စွာ အသုံးချနိုင်ရေး၊ ဒေသနေပြည်သူများနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့်ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေရိုင်းများလုပ်ကိုင်ခွင့်လျှောက်ထားမှုများကို ဥပဒေနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိပြီး လျှောက်လွှာများ ထုတ်ပေးရာတွင်လည်းကောင်း၊ လက်ခံရာတွင်လည်းကောင်းစိစစ်လက်ခံရန် လိုအပ်ကြောင်း၊ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်သူများကိုသာ စိစစ်ခွင့်ပြုပေးရန်လိုအပ်ကြောင်းနှင့်ယခု အစည်းအဝေးတွင် မြေလွတ်၊မြေလပ် နှင့်မြေရိုင်းနှင့်ပတ်သက်သော ဥပဒေ၊နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ဝိုင်းဝန်းစဉ်းစားသုံးသပ်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးမှသာလျှင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ လုပ်ကွက်ငယ်တောင်သူများ အနေဖြင့်အခွင့်အရေး အကျိုးကျေးဇူးကို ခံစားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ယခင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)