အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တတိယအစည်းအဝေး ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၈

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ပဉ္စမအကြိမ် တတိယအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသံဝရာဘိဝံသ(ငါးသိုင်းချောင်းဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ်တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသီဟနာဒ(ချမ်းမြသာစည်ဆရာတော်)က ဆောင်ရွက်သည်။

အစည်းအဝေးကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသံဝရာဘိဝံသ(ငါးသိုင်းချောင်းဆရာတော်)က သြဝါဒကထာ မြွက်ကြားသည်။

ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ပဉ္စမအကြိမ် ဒုတိယအစည်းအဝေးမှတ်တမ်း(တ-ပဉ္စ ၂/၂၀၂၃)ကို ဖတ်ကြားအတည်ပြုကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(တတိယအဖွဲ့ခွဲ)ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ(မစိုးရိမ်ဆရာတော်)၊ အဖွဲ့ဝင်ဆရာတော်များဖြစ်ကြသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာသာမိ(ပန်းတနော်ဆရာတော်)နှင့် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနန္ဒိယ(အိမ်မဲဆရာတော်)တို့မှတစ်ပါး ကျန်ဆရာတော် ၁၂ ပါးတက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနှင့် သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲနတို့မှ အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)