မြစ်ကြီးနားမြို့၊ သာသနာ့ဗိမ္မာန်တော်၌ (၁၀)ရက်တိုင်တိုင် ကျင်းပခဲ့သည့် ဥပ္ပါတသန္တိပရိတ် ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၂၈

ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းနှင့် ကချင်ပြည်နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် အမျိုးမျိုး ကင်းရှင်း၍ ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာ တိုးတက်စေရန် ရည်သန်လျက် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်၍ (၁၀)ရက်တိုင် ကျင်းပပြုလုပ်ခဲ့သည့် ဥပ္ပါတသန္တိ ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက အဆိုပါ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြု သော နာယက၊ ဘာဏကသံဃာတော်(၁၈)ပါးတို့ထံမှ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလ ခံယူ‌ ဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ဥပ္ပါတသန္တိပရိတ်ဒေသနာတော်များကို ရွတ်ဖတ်သရဇ္ဇျယ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကောင်းမှု ကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)