မိုးညှင်း ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေချင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒေါ်စန်းမြင့်ခိုင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေချင်းခံရသော ကလေးအလုပ်သမားများ ပပျောက်နိုင်ရေးအတွက် မုန့်ဖုတ်နည်းသင်တန်း၊ အိမ်တွင်းမှု သင်တန်းများဖြစ်သော စက်ချုပ်နည်းသင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် လက်မှုပညာ သင်တန်းများကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ၎င်းကော်မတီအဖွဲ့ဝင်များက ကလေးအလုပ်သမားများအတွက် ဖွင့်လှစ်သည့် သင်တန်းများတွင် အတတ်ပညာများ သင်ကြားပေးခြင်းသာမက အသိပညာပေး ဟောပြောသည့် အစီအစဉ်များကို ထည့်သွင်းပေးရန်လိုအပ်ကြောင်း အသီးသီး ဆွေးနွေးပြောကြား ကြကာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း