မြင်းခြံတက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နေလင်းက "သိမှတ်ဖွယ် အဖြာဖြာ လွတ်လပ်နေ့ရက်မဟာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သမိုင်းဌာနပါမောက္ခ ဒေါက်တာသောင်းဝင်းနိုင်က "လွတ်လပ်ရေးကြိုးပမ်းမှုမှသည်" ခေါင်းစဉ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ပုံများ၊ လွတ်လပ်ရေး၏အနှစ်သာရများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

ဆက်လက်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများက အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)