ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဓမ္မရာဇကစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဓမ္မရာဇကစေတီတော်မြတ်ကြီး ရွှေထီးတော်တင် လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားကျင်းပခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးမြို့ သမထီးကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ မဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဥပါသ ကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်ကြကာ ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ မန္တလေး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့က ရတနာငှက်မြတ်နားတော်အား ဆက်ကပ်ကြကာ ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို အလှူရှင်မိသားစုတို့မှ ဆရာတော်သံဃာတော်များ ဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြကာ ညောင်ဦးမြို့သမထီးကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ မဟာ ထေရ်မြတ်ထံမှ အနုမောဒနာတရား နာယူကြကာရေစက်ချ အမျှအတန်း ပေးဝေကြသည်။ ဆက်လက်၍ ရွှေထီးတော်၊ ရတနာငှက်မြတ်နားတော်နှင့်ရတနာစိန်ဖူးတော်တို့အား မင်္ဂလာ ရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပင့်သံဃာ (၉၀) ပါးတို့မှ ဓမ္မရာဇကစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူပူဇော်ခဲ့ကြကာ ရွှေထီးတော်၊ ရတာငှက် မြတ်နားတော်၊ စိန်ဖူး တော်တင်လှူခြင်း အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာမင်္ဂလာအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း