နမ့်စန် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မတ်ကျန်းဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်ဆောင်ရွက်သည့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့နေ့လယ် ၂နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူးဦးမြင့်လွင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးအောင်ကိုကိုနှင့်တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးမြင့်လွင်က အသက်(၁၃)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူးဦးအောင်ကိုကိုက ဘောလုံးပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးမြင့်လွင်နှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုခွဲခြင်းကို မဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ နံနက် ၁၀နာရီတွင် ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာ အားကစားကွင်း၌ စတင်ကျင်းပသွားမည်ဖြစ်ကာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၄သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)