ရပ်စောက်မြို့နယ်တွင် ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)ဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ပြုလုပ်

ရပ်စောက် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း၊ အသင်းခွဲ-၁၉၁ အသင်းဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတို့အား မြို့ကုန်းရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

အဆိုပါ (YMBA)ဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် နာယကများ ဖြစ်ကြသော ဗထူးတပ်နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးအောင်နိုင်ဦး၊ တပ်မတော် (ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်း၊ ခေတ္တကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးရဲနိုင်ထွန်း၊ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်၊ စိုးလွင်အောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မန်းနေးဂျင်းဒါရိုက်တာဦးစိုးလွင်၊ ရွှေနဒီဖြိုးဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မန်းနေးဂျင်းဒါရိုက်တာဦးစိုးသန်းဝင်း၊ ရှမ်းပြည်နယ် (YMBA) အသင်း ဒုတိယဥက္ကဌများဖြစ်သော ဦးတေဇာစိုးနှင့်ဦးဝင်းသော်၊ ရပ်စောက်မြို့နယ် (YMBA) အသင်း ဥက္ကဋ္ဌဦးခင်မောင်သန်းတို့က အသင်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။

ထို့နောက်အလှူငွေပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ စိုးလွင်အောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် မန်းနေးဂျင်းဒါရိုက်တာဦးစိုးလွင်က အလှူငွေကျပ် (၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေကျပ်(၂,၈၈၃,၅၀၀)ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး စုစုပေါင်းအလှူငွေကျပ် (၃,၈၈၃,၅၀၀)အား မြို့နယ် (YMBA) အသင်း ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် အသင်းတာဝန်ခံ သြဝါဒါစရိယဆရာတော် ဦးသုမန ဦးဆောင်သော သံဃာတော် (၆)ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိတ်သတ်များ နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။

ထို့နောက် မွန်းလွဲ ၁၂ နာရီတွင် ဘုရားကြီးကျောင်းတိုက်နှင့် စန္ဒကူးကျောင်းတိုက် စာဖြေဌာန(၂)ခုတွင် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၉)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ (YMBA) အသင်းခွဲ ၁၉၁ အသင်းဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ဗထူးတပ်နယ်တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊ တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်(YMBA)အသင်းနာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ စုစုပေါင်း  ၁၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)