လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်း ၁၀ နာရီ၌ ညှိနှိုင်းစည်းဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် အလံတင်အခမ်းအနားကျင်းပရေးကော်မတီ၊ သဝဏ်လွှာဖတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဖိတ်ကြားရေးကော်မတီ၊ လမ်းတံတားများဖွင့်လှစ်ရေးကော်မတီ၊ ပျော်ပွဲရွှင်ပွဲများကျင်းပရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ မီးဘေးလုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီနှင့် ပြန်ကြားရေးကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)