ကျိုက်မရော ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.လ.က ခွဲသင်္ဃန်းချောင်ကျောင်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များအား လွတ်လပ်ရေး၏တန်ဖိုးနှင့်ရရှိပြီးသော လွတ်လပ်ရေးကိုလူငယ်များတန်ဖိုးထား ထိန်းသိမ်းကြရန်နှင့် မြန်မာနိုင်ငံ၏သမိုင်းဝင် နေ့ထူးနေ့မြတ်များအားအမြဲအမှတ်ရ တန်ဖိုးထားတတ်စေရန် လွတ်လပ်ရေးနေ့ဖြစ်ပေါ် လာပုံအကြောင်းကိုဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝင်းက လူငယ်များကျန်းမာကြံ့ခိုင်စေရန်အတွက်လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့် ပညာပေးဟောပြောကာ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ကာယလေ့ကျင့်ခန်းများကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်စဥ်မှတ်တမ်းဓာတ်ပုံများနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာနံရံကပ်စာစောင်များအား ပြသပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိချို(ပြန်/ဆက်)