နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး လူသုံးကုန်ထုတ်လုပ်ရေးသင်တန်း အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲ တက်ရောက်ပြီး လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုများအား ကြည့်ရှု၍ အခြေခံစားသောက်ကုန်များ ထောက်ပံ

နေပြည်တော် ဒီဇင်ဘာ ၂၇

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှကြီးမှူး၍ နေပြည်တော်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်ဌာနဆိုင်ရာများ၊  နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းပို့ချမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ အသက်(၁၅)နှစ်မှ (၃၅)နှစ်အောက်လူငယ်များကို နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာရပ်များကို သင်ကြားပေးမည့်သင်တန်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူငယ်များ အသိပညာ၊ အတတ်ပညာများပြည့်စုံပြီး အတွေးမှန်၊ အမြင်မှန်နှင့် နိုင်ငံချစ်စိတ်ရှိဖို့ လိုအပ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်က အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံ၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်က ရည်မှန်းချက်ထားပြီး ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိသည့် လူငယ်များကို ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခု တတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် လူငယ်များကြား ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုပြန့်ပွားတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပေါ်ပေါက်လာစေရန်၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ (MSME) အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရေး အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် လူငယ်များအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် အတတ်ပညာများကို အမှန်တကယ်တတ်မြောက်ပြီး ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်စီးပွားရေးတို့ဖြင့် အရည်သွေးပြည့်မီသည့် ကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချဖြန့်ဖြူးနိုင်သည့် အဆင့်ထိရောက်ရှိအောင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ ထို့အပြင် သင်ယူတတ်မြောက်သည့် နည်းပညာများကို အခြားလူငယ်များအား မျှဝေပြီးပြန်လည်သင်ကြား တတ်မြောက်စေခြင်းဖြင့် လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရင်းနှီးမြှုပ်နှံကာ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တည်ထောင်ဆောင်ရွက်နိုင်ရန် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားပြီး သင်တန်းတွင် သင်ကြားမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းသို့ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ သင်တန်းသား/ သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်နေ့အထိ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား လယ်ဝေးမြို့နယ်(ခုတင်-၁၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် အငြိမ်းစားပင်စင်လစာ ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် ဆန်နှင့်ကြက်ဥများကို အငြိမ်းစားဝန်ထမ်းတစ်ဦးချင်းစီအား ထောက်ပံ့ပေးအပ်ကာ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)