(၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ

မုဒုံ ဒီဇင်ဘာ ၂၇

YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ စာဖြေဌာန (၁၈) ခု၌ ကျင်းပခဲ့သည်။

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်၊ လူငယ်များတွင် တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီသည့်စိတ်၊ ရိုးရာယဥ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းသည့်စိတ်၊ အမျိုးအနွယ်ကို စောင့်ထိန်းသည့်စိတ်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန် ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ စာမေးပွဲပထမအဆင့်ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၁၄) ဦး ဝင်ရောက်ဖြေဆိုကြပြီး မြို့နယ်သြဝါဒဆရာတော်ကြီးများ၊ အသင်းနာယကများ၊ အလုပ်အမှုဆောင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက ဝိုင်းဝန်းကူညီကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)