ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၇
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်္ဂလာဒီပရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကြောင်းပြောကြားပြီး ဘောလုံးအားကစားပြိုင်ပွဲဝင်များက အားကစားအဓိဌာန်ကို ရွတ်ဆိုကြသည်။
အခမ်းအနားသို့ မင်္ဂလာဒီပရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ကျောင်းအကျိုးတော် ဆောင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဇင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။ အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းစသည့် အသင်း ၅ သင်းဖြင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲကာလမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)