လားရှိုး ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတွင် တည်ထားကိုးကွယ်သည့် ဇမ္ဗူအေးဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် လားရှိုးမြို့၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်ထံမှ (၉) ပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) မှ ရဲမှူးကြီးလှမင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး နှင့်တာဝန်ရှိသူတို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြ ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)