တံတားဦး ဒီဇင်ဘာ ၂၇
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ကျင်းပကြောင်း သိရသည် ။
အခမ်းအနားတွင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်က ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအတွက် အသိပညာပေးဟောပြောခြင်းဖြစ်ပါကြောင်းပြောကြားပြီး တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ကျောင်းသား/သူများပူးပေါင်းပြီး ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးကို လက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်အုပ်ဆရာကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၃၀)ကျော် တက်ရောက်ကြကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)