ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒေသခံပြည်သူများ အခြေခံစာတတ်မြောက်မှုနှုန်း တိုးတက်မြင့်မားပြီး လူမှုဘဝမြင့်မားရေးအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် စဉ်ဆက်ပညာရေးသင်တန်းဖွင့်ပွဲကို ကျောက်တလုံးကြီးမြို့၊ အောင်ဇမ္ဗူလောင်း ဓမ္မာရုံတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခွဲကကျင်းပသည်။
ရှေးဦးစွာ ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူးဦးသက်နိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးလွင်၊ မြို့မိမြို့ဖဦးခွန်မောင်ညာနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်ဆရာဦးချိုနိုင်ထွန်းတို့က အသီးသီးအမှာစကားပြောကြားကြပြီး သင်တန်းသို့ တက်ရောက်မည့်သင်တန်းသူများအတွက် စဉ်ဆက်ပညာရေးစာစဉ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသီးသီးပေးအပ်ကြသည်။
အဆိုပါသင်တန်းသို့ ကျောက်တလုံးကြီးမြို့အတွင်းရှိ ဒေသခံသင်တန်းသူ၊ သင်တန်းသား (၅၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ (၃)လအတွင်း သင်တန်းနည်းပြ (၁၃) ဦးမှ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရေးနှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်း ကိုဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဦစီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒေသအလိုက်စာတတ်မြောက်မှုနှုန်း၊ တိုးတက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှု စွမ်းရည်သာမက နိုင်ငံသားကောင်းအခြေခံအလေ့အကျင့်များပိုမိုရရှိလာနိုင်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပညာရယူရန်ကိရိယာတစ်ခုဖြစ်သော အရေးအဖတ်တို့အတွက် အခြေပြုသင်ကြားပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝမြင့်မားစေရေးအတွက် အသိပညာပေးခြင်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ဒေသအတွင်းမှ အခြေခံပညာအထက်တန်းအဆင့်နှင့်အထက်ရှိ ဒေသခံစေတနာလုပ်အားပေးများ၊ ရပ်ရွာရှိလူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံပညာမှ ဆရာ/ဆရာမများ၏လုပ်အားဖြင့် ဒေသအတွင်း အခြေခံစာတတ်မြောက်မှုနှုန်းကို တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာရေးစသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း