ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားစက်မှုလုပ်ငန်းများ တိုးလာစေရန် ရည်ရွယ်၍ ကလိန်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ယနေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် တာဝန်ခံဝန်ထမ်းများက ကလိန်ကျေးရွာနှင့် စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများနှင့် အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှစစ်ဆေးသည်။

ကလိန်ကျေးရွာနှင့်စာဖြူစုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သကဲ့သို့ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင်လည်း ကလိန်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၅၀)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၈)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၂၀)ဦးနှင့် ရေလုပ်ငန်းလုပ်ကိုင်သူ (၃)ဦး စုစုပေါင်း (၁၉၁)ဦးနှင့် စာဖြူစုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၂)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၄၅)ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၂၅)ဦး၊ စုစုပေါင်း (၉၂)ဦးထိရှိပြီး ကလိန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၅၅.၃၆၅)သန်းနှင့် စာဖြူစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် (၅၉.၄)သန်းကို ထုတ်ချေးထားပြီးဖြစ်ကြောင်းလည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)