ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော ဦးလည်မသုန်စာအုပ်ပါ အကြောင်းအရာများကို စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာမ ချယ်ချယ် (YU) က အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)