မောက်မယ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၁၀နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းဝိုဆိုင်က ကျောင်းသား/ကျောင်းသူ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ မူလတန်းဆင့် ယှဉ်ပြိုင်ကစားရာတွင် မုန့်စားပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ပူစီဖောင်းမှုတ်ကွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ ဖယောင်းတိုင်ထွန်းပြိုင်ပွဲ၊ မီတာ၅၀အပြေး အပ်နဖားထိုးပြိုင်ပွဲနှင့် မီတာ၁၀၀အပြေး လက်ဆင့်ကမ်းပြိုင်ပွဲများကို အခြေခံပညာအလယ်တန်းကျောင်းခွဲကျောင်းဝန်းအတွင်း၌ ကျင်းပပြီး ဆုရရှိသူများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)