သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သွားရောက်ဖူးမြော်

နေပြည်တော် ဒီဇင်ဘာ ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ နေပြည်တော်တိုင်း သံဃနာယက ဆရာတော်ကြီးများ၊ နေပြည်တော်တိုင်း ဘုန်းတော်ကြီး ပညာသင်ကြားမှုကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်ကြီးများမှ ဆရာတော် (၈) ပါးနှင့် သီလရှင်ဆရာကြီး (၁) ပါးတို့အား သွားရောက်အားပေး ကြည်ညိုခဲ့သည်။

ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့သည် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူဆေးရုံကြီးတွင် ကျန်းမာရေး စစ်ဆေးမှု (Medical Checkup) ခံယူတော်မူသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး (၂) ပါး၊ နေပြည်တော်တိုင်း သံဃနာယကဆရာတော်ကြီး (၁) ပါး၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး (၂) ပါး၊ နေပြည်တော်တိုင်း ဘုန်းတော်ကြီးပညာသင်ကြားမှုကြီးကြပ်ရေး ဆရာတော် (၁) ပါး၊ စုစုပေါင်း ဆရာတော်ကြီး (၆) ပါးနှင့် သီလရှင်ဆရာကြီး (၁) ပါးတို့အား  သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများ၏ ကျန်းမာရေး စစ်ဆေးပေးမှုအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးရန် မှာကြားခဲ့သည်။

ဆေးစစ်ရန်ဆရာတော်ကြီးများအနက် ဆရာတော်ကြီး (၂) ပါးသည် ဆေးရုံသို့ လာရောက်နိုင်ခြင်းမရှိသဖြင့် အဆိုပါဆရာတော်ကြီးများအား မိမိတို့ ကျောင်းတိုက်၌လည်းကောင်း၊ သီးခြားရက်ချိန်းဖြင့်လည်းကောင်း ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အခမဲ့ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)