ကျောက်ဆည် ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေသရဖီခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်သန်းက ယခုပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် အလွန်အရေးကြီးကြောင်းနှင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မေးခွန်းများသည် စံချိန်မီမေးခွန်းများ ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများကို ဘာသာရပ်များ သင်ကြားရာတွင် အလေးထား သင်ကြား ပေးသွားကြရန်နှင့် မေးခွန်းထုပ်ပိုးဖြန့်ဝေမှုဆိုင်ရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက်အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအဆင့် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့်ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရာက်ခဲ့သည့် ကျောက်ဆည်မြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးထိန်လင်း၊ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်း၊ ကလိုင်ကျော်ကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လဲ့လဲ့ထွန်း၊ မြစ်သားမြို့နယ် မြို့တွင်းအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးစန်းဦး၊ စဉ့်ကိုင်မြို့နယ် အုတ်ဖိုပြင်ကျေးရွာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေဇင်မြင့်တို့က အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့်ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ မူလတန်း(လွန်)ကျောင်း၊ အလယ်တန်း၊ အလယ်တန်းကျောင်း(ခွဲ)၊ အထက်တန်းကျောင်း(ခွဲ)၊ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဘာသာရပ်သင်ဆရာ/ဆရာမ(၃၅၃)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)