မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲ တက်ရောက်

ရန်ကုန် ဒီဇင်ဘာလ ၂၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ မျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဦးစွာ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Country Manager Mr.Fabio Beltramin က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၀)ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းကို အသင်းဌာနချုပ်မှ ကြက်ခြေနီဝန်ထမ်း (၈၅)ဦးအတွက် သင်တန်း (၅)ကြိမ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၁၆၀)ဦးတို့အတွက် သင်တန်း (၈)ကြိမ်ဖြင့် စုစုပေါင်းသင်တန်း (၁၃)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)