မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   စိုက်ပျိုးထားရှိသည့် ဆောင်းနေကြာစိုက် ဧက ၆၀၀ အောင်မြင်ဖြစ်ထွန်း

မိတ္ထီလာ  ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   စိုက်ပျိုးထားရှိသည့် ဆောင်းနေကြာစိုက်ဧက ၆၀၀မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၈အုပ်စု ကျေးရွာ ၅၂ ရွာမှ တောင်သူ ၄၄၃ ဦးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းနေကြာစိုက်ဧက ၆၀၀ တွင်  ဆင်းရွှေကြာ မျိုးများကို စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းနေကြာ စိုက်ပျိုးရခြင်းမှာ တောင်သူများ သွင်းအားစုထည့်သွင်းခြင်းအားဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်လာစေရန်၊ စျေးနှုန်းနှင့် စျေးကွက်သေချာခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးခြင်းဖြင့် နိုင်ငံစီးပွားတိုးတက်မြင့်မားလာခြင်း၊ စီမံကိန်းမှာပါဝင်သည့် အစုအဖွဲ့ဝင်အားလုံး အမြတ်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုတိုးတက်ရရှိစေရေး၊  ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားအုန်းဆီ တင်သွင်းမှုလျှော့ချနိုင်ရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်းနေကြာတစ်ဧကလျှင် ကျပ် နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုကိုလည်းကောင်း ထောက်ပံ့ပေးပြီး အဆိုပါထောက်ပံ့ခြင်းအတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုဖိုးနှင့် ညီမျှသောသီးနှံ ကို ကာလပေါက်စျေးဖြင့် ပေးသွင်းရန်ဖြစ်ပြီး ကျန်သီးနှံကို တောင်သူ စိတ်တိုင်းကျ ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်  ဘဏ္ဍာရေးနှစ်တွင်  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၈အုပ်စု ကျေးရွာ ၅၂ ရွာမှ တောင်သူ ၄၄၃ ဦးက စိုက်ပျိုးထားရှိသည့် ဆောင်းနေကြာစိုက်ဧက ၆၀၀မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)