ကျောက်ဆည်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြော‌ပွဲကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိကျောက်ဆည်တက္ကသိုလ်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ THERATREခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ ဦးအေးကိုကို (ဝင်းမောင်မောင်) (ပန်းလောင်လွင်ပြင်)က "မျိုးချစ်စိတ်နှင့် လူငယ့်တာဝန်"ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်တက်ကြွလာစေရေး၊လွတ်လပ်ရေး၏ အနှစ်သာရများ၊ လွတ်လပ်ရေးရရှိ အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ‌သူရဲကောင်းအာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများ၊ နောင်အနာဂတ်တွင်လည်း လူငယ်များအနေဖြင့် လွတ်လပ်ရေး အဓွန့်ရှည် တည်တဲ့လာအောင် ဆက်လက်ထိန်းသိမ်းသွားသင့်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် ကျောက်ဆည်တက္ကသိုလ်မှ ‌ပါမောက္ခချုပ်က စာရေးဆရာ ဦး‌အေးကိုကို (ဝင်းမောင်မောင်)(ပန်းလောင်လွင်ပြင်)အား မေတ္တာလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်ရီ၊ ပါမောက္ခ(ဌာနမှူး) များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်း၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ဆရာ/ဆရာမများ ‌သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)