စမ်းချောင်း ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောထက်လင်းဦးက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် MEVM စက်ဖြင့် မဲပေးပုံအဆင့်ဆင့်တို့ကိုလည်းကောင်း၊ MEVM စက်ကိုအသုံးပြု၍ မဲပေးခြင်းဖြင့် အချိန်ကုန်သက်သာပြီး ထိရောက်မှန်ကန် မြန်ဆန်မှုရှိခြင်းတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လက်တွေ့စမ်းသပ်မဲပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ပါတီကိုယ်စားလှယ်များ၊ ဝေဠုဝန်တောင်ရပ်ကွက်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်းမြောက်ရပ်ကွက်နှင့် သံတံတားရပ်ကွက်တို့မှ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၂၁၈)ဦးတို့က MEVM စက်အသုံးပြု၍ လက်တွေ့သရုပ်ပြ မဲပေးခဲ့ကြသည်။
ယင်းနောက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြုထားသည့် မဲရလဒ်များကို တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ပါသည်။ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဥ်ကို စမ်းချောင်းမြို့နယ်တွင် ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ နှစ်ရက်တိုင်တိုင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
နီလာစိုး