မိတ္ထီလာမြို့၌ ဘွဲ့တံဆိပ်တော်ရဆရာတော်များအားထပ်ဆင့်ပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ၂၇

မိတ္ထီလာမြို့၌ ၂ဝ၂၃ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော် ၅ ပါးတို့အားထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂ဝ၂၃ ခုနှစ် အစိုးရနိကာယ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် စာဖြေအောင်မြင်တော်မူကြသောစာအောင် သံဃာ၊ သီလရှင် ၃ဝ၇ ပါးတို့အား ပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံမှ ငါးသီလတရားတော်များကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက ခံယူဆောက်တည်ကြသည်။ အခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဘွဲ့တံဆိပ်တော်ရဆရာတော်များ၏ ထေရုပတ္တိအကျဉ်းကို တာဝန်ရှိသူများက ဖတ်ကြား လျှောက်ထားသည်။ ထို့နောက် ဘွဲ့တံဆိပ်တော်ရဆရာတော်များထံသို့ ဘွဲ့လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ပင့်သံဃာတော် ၃၈ ပါးနှင့် စာအောင်(ပင့်)သံဃာ ၂၁ ပါးထံသို့ လှူဖွယ်ဝတ္ထုများကို လည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင် ဒါယကာဒါယိကာမများက ဆက်ကပ်လှူဒါန်းကြပြီးဆက်လက်၍ နိုင်ငံတော် ဩဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရေလည်တိုက်ကျောင်းဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချအနုမောဒနာတရားတော်များကို နာယူခဲ့ကြသည်။ အဆိုပါ အခမ်းအနားပြီးစီးချိန်တွင် အောင်မင်္ဂလာခန်းမရှေ့ကွင်းပြင်၌ ဘုရားအမှူးရှိသော ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၅ ပါး၊ ပင့်သံဃာတော် ၃၈ ပါးနှင့် စာအောင်(ပင့်)သံဃာ ၂၁ ပါးတို့အား ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စုပေါင်းဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

ချမ်းသာ