လယ်ဝေးမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး

လယ်ဝေး ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်​ဆောင်နှင့် အဖွဲ့ဝင်များသည် အေလာကျေးရွာ၊ ဂိုဏ်းထောက်ကျောင်းတွင် စာသင်ဝိုင်းသင်ကြားပို့ချမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါစာသင်ဝိုင်းတွင် သင်တန်းသား ၊ သင်တန်းသူ ၁၀ ဦးတက်ရောက်လျက်ရှိပြီး ကြီးကြပ်သူဆရာ၊ ဆရာမ ၂ ဦးက သင်ကြားပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးဆောင်ရွက်မှုအနေဖြင့် စည်ပိုင်းကျေးရွာအုပ်စု၊ ရဘိန်းကျေးရွာအုပ်စု၊ အေလာကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စုနှင့် အောင်သာကျေးရွာအုပ်စု ၅ အုပ်စုတွင် စာသင်ဝိုင်း ၁၃ ဝိုင်းဖွင့်လှစ်၍ တစ်ဝိုင်းလျှင် သင်တန်းနည်းပြ ၂ ဦးစီဖြင့် သင်တန်းသား ၁၄၆ ဦး တက်ရောက်လျက်ရှိသည်။ အဆိုပါသင်တန်းအား ဒီဇင်ဘာ ၂၃ ရက်မှစ၍ တစ်နေ့လျှင် ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ ကြာ သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။

ဝေကြည်(ပြန်/ဆက်)