ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးနေမှုကို သွားရောက်ဖူးမြော်ကြည်ညို

စစ်တွေ     ဒီဇင်ဘာ  ၂၇

စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေး စစ်ဆေးမှုကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေး မှုခံယူရန်ကြွရောက်တော်မူကြသော ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ ဆေးဝါးများနှင့် လူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရာတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်နှင့် ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်အောင်တို့မှ အနီးကပ်ကြီးကြပ်ကာ သမားတော်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နှလုံးရောဂါစစ်ဆေးခြင်း၊ ရင်ခေါင်းရောဂါစစ်ဆေး ခြင်း၊ ultrasound ရိုက်စစ်ဆေးခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။   

တင်ထွန်း(ပြန်/ဆက်)