ဒလမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒလ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းရှိ သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေများ တင်ပြရန်၊ မိမိရုံးပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ရန်၊ လုံခြုံရေးဆိုင်ရာကိစ္စများ၊ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မိမိတို့ရုံးတွင် မီးသတ်ဆေးဘူးများထားရှိရန် စသည့် အကြောင်းအရာများအား မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိတို့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

မြင့်ဇော် (ပြန်/ဆက်)