ပင်းတယ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပင်းတယမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တမောင်က ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကို ဖြစ်စေသော အကြောင်းတရားများ၊ ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တမောင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)