ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွား၊ ပဲစိုက်ပျိုးခြင်းနှင့် အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ မိုးစပါးရိတ်သိမ်းပြီးချိန်ကာလဖြစ်၍ အဆိုပါစိုက်ခင်းအတွင်း ကြက်သွန်ဖြူများ ဆက်လက်ထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့၌ မိုးစပါးရိတ်သိမ်းပြီးချိန်ကာလများတွင် နှစ်စဉ်ကြက်သွန်များ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်စိုက်ခင်းများမှထွက်ရှိခဲ့သော ကြက်သွန်ဖြူမျိုးကောင်း မျိုးသန့်များကို ရွေးချယ်ထားရှိပြီး ချောင်းရေ၊ စိမ့်စမ်းရေထွက်များမှရေကို ပိုက်များဖြင့်သွယ်တန်း၍ ရေသွင်းစိုက်ပျိုးကြကြောင်း၊ ကျောက်တလုံးကြီးဒေသအတွင်း ကြက်သွန်စိုက်ဧက ၅၀၀ ကျော်ရှိပြီး မြေနိမ့်ပိုင်းရေရရှိရန်လွယ်ကူသောစိုက်ခင်းများတွင်စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ခင်းများ၌ စပါးရိတ်သိမ်းပြီးချိန်တွင် ဖရဲ၊ သခွားပင်စိုက်ပျိုးသူများလည်းရှိကြောင်း၊ ယခုနှစ်အတွင်း ကြက်သွန်ဖြူ (၁) ပိဿာလျှင် ကာလပေါက်ဈေး (၁၀၀၀၀) ကျော်ရှိသဖြင့် ဝင်ငွေများပိုမိုရရှိရန်မျှော်မှန်းထားကြောင်း၊ ဒေသထွက်ကြက်သွန်ဖြူများကို တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်းမြို့များရှိကြက်သွန်ဖြူပွဲရုံများသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသူ ဒေါ်နန်းထွေးထံကသိရသည်။
ဇော်နိုင်လင်း