မိုင်းရယ်၌ နွေစပါးနှင့်ဆောင်းသီးနှံစုံ ၇၁၇၉ ဧက စိုက်ပျိုးရန်လျာထားပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့

မိုင်းရယ် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၇၁၇၉ ဧကကို စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်လုံးအနေဖြင့် ပဲအမျိုးမျိုးကို ၁၈၀၅ ဧကဖြင့် အများဆုံးစိုက်ပျိုးရန်လျာထားပြီး ၁၈၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒုတိယအများဆုံးဖြစ်သည့် ဟင်းသီးဟင်းရွက်ကို ၁၅၆၀ ဧက လျာထားရာမှ ၁၅၀၅ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ နွေစပါးကို ၁၁၇ ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မိုင်းရယ်မြို့နယ်တွင် ယမန်နှစ်က နွေစပါးနှင့် ဆောင်းသီးနှံစုံကို လျာထားဧကထက် တစ်ထောင်ကျော်တိုး၍ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၇၁၇၉ ဧက စိုက်ပျိုးရန်လျာထားပြီး နွေစပါးမှလွဲ၍ အခြားဆောင်းသီးနှံစုံကို ၇၉၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသော ရာသီဉတုအလိုက် လိုက်လျောညီ ထွေမှုရှိသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးသစ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသသည့်အပြင် သီးနှံအလိုက် အထွက်နှုန်းတိုးစေမည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းများ၊ သီးနှံများ ပိုးမွှားရောဂါကျရောက်ပျက်စီးမှုမရှိစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာများရှိ စိုက်ပျိုးခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းရယ်ပြန်/ဆက်