နေပြည်တော် ဒီဇင်ဘာ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားစက်ဘီးစီးပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်ကစားသမားများအား မီတာ ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား ၁၅ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲများကို တာလွှတ်ပေးပြီး ပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသား မီတာ ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား ၁၅ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သဲကောလေးကျေးရွာအနီးရှိ GAP ဟင်းသီးဟင်းရွက် စိုက်ခင်းသို့ သွားရောက်ကြည့်ရှုရာ လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းက လယ်ဝေးမြို့နယ်အတွင်း ဟင်းသီးဟင်းရွက်ဇုံ GAP စနစ်ဖြင့် စိုက်ပျိုးသည့် မြေ၊ ရေ နမူနာ စစ်ဆေးမှုများ၊ GAP အသိအမှတ်ပြု လက်မှတ်ရရှိမှုအခြေအနေများ၊ GAP ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ သဲကောကြီးကျေးရွာအုပ်စုအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဆောင်ရွက်နေသည့် သီးနှံများကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က သီးနှံများ စိုက်ပျိုးမှုအခြေအနေများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ပိုးသတ်ဆေးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ အကျိုးအမြတ်ရရှိမည့် ဝင်ငွေကောင်းသည့် သီးနှံများ စိုက်ပျိုးကြရန်လိုကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး ထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရမှာဖြစ်ကြောင်း၊ သွင်းအားစုများကို စနစ်တကျသုံးစွဲစေလိုကြောင်း၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိသည့်အပြင် စံနှုန်းအထွက်နှုန်းများ ထွက်ရှိစေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဌာနဆိုင်ရာများနှင့် တောင်သူများက ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သဲကောလေးကျေးရွာအနီး ပြောင်းဖူး၊ မြေပဲနှင့်ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပျဉ်းမနားမြို့နယ်(ခုတင်-၂၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ အငြိမ်းစားဝန်ထမ်းများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီအား ဆန်တစ်ပြည်နှင့် ကြက်ဥငါးလုံးထောက်ပံ့ပေးအပ်ခြင်း၊ အငြိမ်းစားဝန်ထမ်းများအား အငြိမ်းစားပင်စင်လစာ ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးမှုများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များ၌ အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးခြင်း၊ နေပြည်တော်ကောင်စီမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီအား ဆန်တစ်ပြည်နှင့် ကြက်ဥငါးလုံးထောက်ပံ့ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)