မိုင်းတုံ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသူရိန်ဖြိုးဦးဆောင်သော ဝန်ထမ်းများက မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့မဈေးအတွင်း၌ ပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဈေးရောင်းပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသူရိန်ဖြိုးက ယခုတက်ရောက်လာတဲ့ပြည်သူများနှင့် ဌာနဆိုင်ရာများအနေနဲ့ မိမိတို့ပိုင်ဆိုင်သည့် အဆောက်အဦးများ ဆုံးရှုံးမှုမရှိစေရန်၊ မိမိကိုယ်တိုင် မီးဘေးအန္တရာယ်မှ ကာကွယ်ရမည့် နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများသည် လူတိုင်းအပေါ် တာဝန်ရှိသည့်အတွက် သိရှိထားရန်လို အပ်ခြင်းကြောင့် ယခုလိုအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခြင်းများကို ပုံစံအမျိုးမျိုးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)