ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများဆောင်ပေးနေသည့် ကျောက်ဆည်မြို့နယ် တောင်နံ့သာကျေးရွာမှ နီစိမ်းဝါယိုမျိုးစုံလုပ်ငန်း

ကျောက်ဆည်  ဒီဇင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (၃၈)ခု၊ စဉ့်ကိုင်မြို့နယ် တွင်လုပ်ငန်း(၂၀)ခု၊ တံတားဦး မြို့နယ်တွင် လုပ်ငန်း(၃၉)ခု၊  မြစ်သားမြို့နယ်တွင် လုပ်ငန်း(၆)ခု စုစုပေါင်းလုပ်ငန်း (၁၀၃)ခု လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ကျောက်ဆည်မြို့နယ် တောင်နံ့သာကျေးရွာမှနီစိမ်းဝါယိုမျိုးစုံလုပ်ငန်းထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းမှ ဦးဇော်လင်းအောင်အားတွေ့ဆုံ မေးမြန်း ထားမှုကို တင်ပြလိုက်ပါသည်။

မေး-    နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းစတင်တည်ထောင်ဆောင်ရွက်ခဲ့ပုံကို သိပါရစေရှင့်။

ဖြေ-    ကျောက်ဆည်မြို့နယ်အတွင်းမှာ ဒေသထွက်ကုန်များဖြစ်တဲ့သံပုရာသီး၊ ရှောက်သီး၊ သရက်သီး၊ ဇီးသီးစတဲ့ ဒေသထွက် သီးနှံတွေပေါများတာကြောင့် နီစိမ်းဝါယိုမျိုးစုံအမည်နဲ့မိဘများလက်ထက် ၂၀၀၃ခုနှစ်ကနေစပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်လက်ထက်မှာတော့ ၂၀၁၁ခုနှစ်မှာ ဆက်လက် လုပ်ကိုင်ဆောင်ရွက်ခဲ့တာ   ယနေ့အချိန်အထိ  လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မေး -   နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ ကုန်ကြမ်းတွေကိုဘယ်လိုရရှိပါသလဲရှင့်။

ဖြေ-    နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ကုန်ကြမ်းတွေကို ကျောက်ဆည်မြို့နယ်နဲ့စဉ့်ကိုင်မြို့နယ်ကနေ သံပုရာသီး၊ ရှောက်သီး၊ ဇီးသီး၊ သင်္ဘောသီးများဝယ်ယူရရှိပါတယ်။ မန်ကျည်းသီးကိုတော့ ပခုက္ကူမြို့နယ်ကနေ ဝယ်ယူရရှိပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်ပါတယ်။

မေး -   နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့   ပစ္စည်းဘယ်နှစ်မျိုးကို  ထုတ်လုပ်ဖြန့်ဖြူး ပါသလဲရှင့်။

ဖြေ- မိဘများလက်ထက် ၂၀၀၃ ခုနှစ်က စတင်လုပ်ကိုင်စဉ်ကတည်းက နီစိမ်းဝါတံဆိပ်နဲ့ဇီးယို၊ မန်ကျည်းယို၊ ရှောက်ယိုဆိုပြီးယို(၃)မျိုးကို စတင်ထုတ်လုပ်ခဲ့ပြီး ကျွန်တော့်လက်ထက် ၂၀၁၁ ခုနှစ်မှာတော့ ဇီးယို၊ မန်ကျည်းယို၊ ရှောက်ယိုဆိုပြီးယို(၃)မျိုးအပြင်   သင်္ဘောယို၊ သရက်ယို (၂)မျိုးကို တိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူး ပေးနေပါတယ်။

မေး -   နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ တစ်နေ့ကုန်ချောဘယ်နှစ်မျိုးထုတ်လုပ် ရောင်းချနေပါသလဲရှင်။

ဖြေ -   ဇီးယိုကိုတော့အထုပ်ငယ်ပေါင်း (၇၅၀)ထုပ်၊  သရက်ယိုကတော့ အထုပ်ငယ်ပေါင်း(၁၅၀၀)ထုပ်၊  မန်ကျည်းယိုကိုတော့ အထုပ်ငယ်ပေါင်း(၁၅၀၀)ထုပ်၊သင်္ဘောယိုကိုတော့ အထုပ်ငယ်ပေါင်း(၃၀၀၀) ထုပ်၊ ရှောက်ယိုကိုတော့ အထုပ်ငယ်ပေါင်း(၇၅၀)ထုပ်ကို နေ့စဉ်ကုန်ချောအဖြစ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ ပေးလျက်ရှိပါတယ်။

မေး -   နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ အလုပ်သမားဘယ်နှစ်ဦးနဲ့ လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ပါ သလဲရှင့်။

ဖြေ - နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ စတင်လုပ်ကိုင်စဉ်ကတော့  အလုပ်သမား (၃၀)ဦးကျော်နဲ့ လုပ်ကိုင်များ လည်ပတ်လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ယခုအခါမှာတော့ဒေသခံအလုပ်သမား (၁၀၀)ဦး ကျော်နဲ့ လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒေသခံပြည်သူများလည်း နေ့စဉ် ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရာရောက်တာမို့ လုပ်ငန်းများ ပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်အောင် လည်းကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။

မေး- နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ အလုပ်သမားလုပ်ခလစာ ဘယ်လိုသတ်မှတ်ထားပါသလဲရှင့်၊ အလုပ်သမားတွေက ကျောက်ဆည်မြို့နယ်ကလား  တစ်ခြားနယ်တွေကလာရောက် လုပ်ကိုင်တာ ရှိပါသလားရှင့်။

ဖြေ -  ကျွန်တော်တို့အလုပ်သမားတစ်ဦး တစ်နေ့ငွေကျပ်(၇၀၀၀)ကနေ ငွေကျပ်(၁၂၀၀၀)အထိ ရရှိကြပါတယ်။ နီစိမ်းဝါ ယိုစုံမျိုးစုံလုပ်ငန်းအနေနဲ့ ကျောက်ဆည်မြို့နယ် ဒေသခံလူငယ်တွေကို ဦးစားပေး ရွေးချယ်ခေါ်ယူပါတယ်။ စဉ့်ကိုင်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်များကလည်း လာရောက်လုပ်ကိုင်ကြတာတွေရှိပါတယ်၊ ရိုးသားကြိုးစားပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေကို အလုပ်ခန့်ပေးပါတယ်။ အဓိက ကတော့ ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ကလေးတွေကို ဦးစားပေးခန့်ထားပါတယ်။ ကျွန်တော့်ဆီမှာအလုပ်လုပ်ခွင့်ရနေတာမို့ လက်ရှိမိသားစုစားဝတ်နေရေး အဆင်ပြေစေဖို့ အထောက် အကူဖြစ်စေပါတယ်။

မေး -  MSMEလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ် ဆောင်ရွက်မှု အခြေအနေများကို သိပါရစေရှင့်။

ဖြေ -  ဒေသတွင်း MSMEလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ စတင်လုပ်ကိုင်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ချိတ်ဆက်ပြီး ၂၀၁၅ ခုနှစ်မှာ စတင်ကာ  မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက် ခဲ့ပါတယ်။နိုင်ငံတော်ကဆောင်ရွက်ပေးတဲ့ MSME ချေးငွေနဲ့ကျွန်တော်တို့လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကျောက်ဆည် ခရိုင်မှာလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဖွဲ့စည်းထားရှိပြီး ဖြစ်လို့လိုအပ်တဲ့ နည်းပညာတွေ၊ ငွေကြေးကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးတာမို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မေး -   နီစိမ်းဝါယိုမျိုးစုံလုပ်ငန်းအနေနဲ့ ယိုမျိုးစုံ(၅)မျိုးထုတ်လုပ်တဲ့နေရာမှာ ဘယ်ဒေသတွေကို ဖြန့်ချိ ရောင်းချပါသလဲရှင်။

ဖြေ -   လက်ရှိဖြန့်ချိတာကတော့ ကျွန်တော်တို့ မန္တလေး(ဈေးချို)ကို နေ့စဉ် သွားရောက်ဖြန့်ချိပေးပို့ပါ တယ်။ မန္တလေးဈေးချိုကနေတဆင့် နေ့စဉ် ဇီးယို၊ ရှောက်ယို၊သရက်ယို၊ သင်္ဘောယို၊ မန်ကျည်းယို ယိုမျိုးစုံ (၅)မျိူးကို အထုပ်ငယ်ပေါင်း (၇၅၀၀)ကျော်ကို  မြန်မာနိုင်ငံနေရာအနှံ့အပြား နေ့စဉ်ဆက်လက် ဖြန့်ချိ ပေးပို့ရောင်းချပေးလျက်ရှိပါတယ်။ အိမ်တိုင်ရာရောက်လာရောက် ဝယ်ယူသူတွေ၊ ဖုန်းဖြင့် ဆက်သွယ် မှာယူကြသူများကိုလည်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။

 မေး -  စီးပွားရေးလုပ်ငန်းများစတင်တည်ထောင်မည့်လူငယ်များအတွက် ဘာများပြောချင်ပါသလဲရှင်။

ဖြေ -   ကျွန်တော်တို့ မိမိဒေသမှာအဓိကထွက်ရှိတဲ့ သီးနှံတွေနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ တည်ထောင်ပြီး လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ကိုယ့်ဒေသထွက်ရှိတဲ့ သီးနှံတွေဖြစ်တာကြောင့် သယ်ယူစရိတ်တွေလည်းသက်သာပါတယ်။ ဒေသထွက်ကုန် ဖြစ်တဲ့အတွက် ဈေးကြီးကြီးလည်း ပေးဝယ်စရာမလိုဘူး။  MSME လုပ်ငန်းအနေနဲ့ လုပ်ကိုင် နိုင်ပြီး    မိသားစုစားဝတ်နေရေးအပြင် မိမိဘဝတက်လမ်းကိုလည်းအများကြီး အထောက်အကူဖြစ်စေပါ တယ်။ ဒါကြောင့်  ဒေသမှာထွက်ရှိတဲ့သီးနှံတွေကို ကုန်ကြမ်းကနေကုန်ချောအဖြစ် နည်းပညာကို အသုံးပြုပြီး ကုန်ချောထုတ်လုပ်ရောင်းချနိုင်မယ်ဆိုရင်  ကိုယ့်ဘဝရပ်တည်ဖို့သာမကပါဘူး။  မိသားစု စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့အပြင် စားဝတ်နေရေးအဆင်ပြေမှာဖြစ်သလို ဒေသခံလူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိနိုင်မှာဖြစ်လို့ ယနေ့လူငယ်တွေကြိုးစားလုပ်ကိုင်ကြဖို့တိုက်တွန်း ပြောကြား လိုပါတယ်။

တင်တင်ထွေး(ပြန်/ဆက်)