မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ် တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၆  

မော်လမြိုင်မြို့ နာဂဝီသတောင်တန်းတွင် တည်ထားကိုးကွယ်‌တော်မူသည့် ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ‌တော်အထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲ အလှူတော်အစုစုအတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာ (၁၀၁)ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူကြသည်။

ထို့နောက် ဝတ်တော်ကြီးအတွင်း၌ အလှူတော်အစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် ဝိနယ ပါဠိပါရဂူ (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္တုငွေများဆက်ကပ် လှူဒါန်းကြကာ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် ဝိနယပါဠိပါရဂူ(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနား ရုတ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်မိသားစုတို့က နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)