ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်၊ မြေသား မိုးရေလှောင်ကန် (၆)ကန် ဆောင်ရွက်ခွင့်ရရှိခဲ့ရာ၊ ယခုအခါ တူးဖော်ဆောင်ရွက်မှုလုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး၊ ရေပြည့်မီစွာ သိုလှောင်ထားရှိမှုနှင့် လုံခြုံစွာဆောင်ရွက်ထားရှိမှု အခြေအနေများကို၊ ဒီဇင်ဘာ(၂၆)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းသည် သက်ဆိုင်ရာတာဝန်ခံဝန်ထမ်းများနှင့်အတူ ကျောင်းစုကျေးရွာသို့ ရောက်ရှိပြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရေကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မိုးရေလှောင်ကန်များ ရေရှည်တည်တံ့စေရန်နှင့် ကျွဲ/နွာဝင်ရောက်ခြင်း၊ ကန်အတွင်း အဝတ်လျော်၊ ရေချိုးခြင်းများမပြုလုပ်ကြရန်၊ လိုအပ်သည်များကိုပြုပြင်၍ ဝိုင်းဝန်းထိန်းသိမ်း သွားကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် အိမ်ခြေ(၁၉၂)အိမ်၊ လူဦးရေ (၁၀၃၃)ဦးရှိ သည့်၊ ရွာလုကျေးရွာအုပ်စု ပေါက်သစ်ကျေးရွာတွင် (၄၀၀ပေ ×၄၀၀ပေ × ၆ ပေ)ရှိ မြေသားရေကန် (၁)ကန်၊ အိမ်ခြေ(၁၀၂၇)၊ လူဦးရေ(၅၅၀၆)ဦးရှိ ကျောင်းစုကျေးရွာတွင် အကျယ်(၄၀၀ပေ×၄၀၀ပေ×၄ပေ) ရှိ မြေသားရေကန် အပိုင်း(၁)နှင့် အကျယ် (၅၀၀ပေ×၅၅၀ပေ×၄ပေ) ရှိ မြေသားရေကန် အပိုင်း(၂)၊ အိမ်ခြေ(၂၂၀)၊ လူဦးရေ(၁၂၈၅)ဦးရှိသည့်၊ ကျောက်ပုံကျေးရွာအုပ်စု ကျောက်ပုံ(တောင်)ကျေးရွာတွင် အကျယ် (၁၀၀ပေ×၁၀၀ပေ×၈ပေ) ရေကန်တူးဖော်ခြင်းနှင့် (ပေ ၆၀၀) ခြံစည်းရိုးကာရံခြင်း၊ အိမ်ခြေ(၁၁၇)အိမ်၊ လူဦးရေ(၅၅၃)ဦးရှိ၊ လက်ပံပျားကျေးရွာအုပ်စု ဝက်ချုပ်ကုန်း(မ)ကျေးရွာတွင် (၂၀၀ပေ× ၁၀၀ပေ×၅ပေ)ရှိ မြေသားရေကန်တူးဖော်ခြင်းနှင့် ပေ(၈၀၀) ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် အိမ်ခြေ(၁၈၆)၊ လူဦးရေ (၉၆၀)ဦးရှိ၊ ရေဆုံးကျေးရွာအုပ်စု ကျွဲကူးကျေးရွာတွင် (၁၅၀ပေ×၁၂၀ပေ×၅ပေ) မြေသားကန်တူးဖော်ခြင်းနှင့် ပေ(၇၀၀) ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းများကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်းနှင့် မိုးတွင်းကာလ မိုးရွာသွန်းမှုကောင်းသဖြင့် ကန်အားလုံး ရေပြည့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးရေလှောင်ကန်(၆)ကန်မှ စုစုပေါင်းအိမ်ခြေ (၁၇၄၂)အိမ် မှ စုစုပေါင်း လူဦးရေ (၁၀၄၁၄)ဦးတို့ အတွက် နွေရာသီကာလတွင်သာမက ရာသီမရွေး သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးကို အကျိုးပြုသွားမည်ဖြစ်ရာ အဆိုပါကျေးရွာများမှ ပြည်သူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိနေကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)