၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တာမွေ ဒီဇင်ဘာ ၂၆

၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပြိုင်ပွဲဝင် အားကစားသမားများနှင့် နည်းပြများ၊ ရိုးရာခြင်းလုံးအားကစား ဝါသနာရှင် ပရိသတ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာလူမျိုးနဲ့ ခြင်းလုံးခတ်ကစားခြင်းပညာဟာ လုံးဝခွဲခြားလို့ မရဘူးဆိုတာကို အားလုံးလက်ခံကြလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း၊ မြန်မာ့ခြင်းလုံးကို ရှေးမြန်မာမင်းများလက်ထပ်က အသွင်တစ်မျိုးနဲ့ ခတ်ကစားခဲ့ကြပြီး ကျန်းမာရေးအရလည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှုရရန်အတွက်လည်းကောင်း၊ ဖျော်ဖြေမှုပုံစံမျိုးဖြင့်တစ်ဖုံ ခတ်ကစားခဲ့ကြပါကြောင်း၊ ခြင်းလုံးကစားခြင်းဟာ ငွေကြေးကုန်ကျစရိတ် အသင့်အတင့်ဖြင့် လူအများစု တပြိုင်တည်း ခတ်ကစားနိုင်သော အားကစားနည်းတစ်ခုဖြစ်ပြီး နေရာအကျယ်အဝန်းလည်း အများကြီးမလိုအပ်သည့်အတွက် လူ့အလွှာအမျိုးမျိုးမှ ပါဝင်ဆင်နွှဲနိုင်သော အားကစားနည်းတစ်ရပ်ဖြစ်သောကြောင့် လွန်စွာအကျိုးရှိပါကြောင်း၊ ထို့ကြောင့် ရိုးရာခြင်းလုံးအားကစားနည်းကို ကျွနိုပ်တို့ ဆက်လက်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်အနေဖြင့် ကျင်းပလာသည်မှာ တတိယအကြိမ်မြောက် ရှိပြီဖြစ်သည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ ယခုပွဲဖြစ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသော ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ ထို့အတူ ယခု ပြိုင်ပွဲများ လာရောက်ယှဉ်ပြိုင်ကြသော နေပြည်တော်၊ မန္တလေး၊ မကွေး၊ တောင်ငူ၊ ပြည်၊ နတ္တလင်း၊ မုဒုံ၊ ဇီးကုန်း အစရှိသော မြို့များမှ ခြင်းကလပ်အသင်းများကိုလည်း ဂုဏ်ယူစွာ ကြိုဆိုပါကြောင်း၊ ယခုဆိုရင် မြန်မာ့ခြင်းလုံးခတ်ခြင်း ပညာဟာ အာရှတင်မကဘဲ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများကပါ စိတ်ပါဝင်စားစွာ ခတ်ကစားလာတာ တွေ့ရှိနေရပြီဖြစ်ပါကြောင်း၊ အနောက်ကတီးပေးသော ဆိုင်းအပေါ်မူတည်ပြီး ခြင်းခတ်ပေါက်အမျိုုးမျိုးကို လှပကျွမ်းကျင်စွာ ခတ်ကစားနိုင်တာကို တွေ့မြင်ရသည်များရှိသည့်အတွက် ခြင်းလုံးကစားခြင်းပညာသည် အနုပညာနှင့် အားကစား ပေါင်းစပ်ထားသော ကစားနည်းဖြစ်သည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ လူကြီး/လူငယ်၊ ကျား/မ မရွေး ခတ်ကစားနိုင်လျှင် အကျိုးများမည့် မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကာ ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်မှ ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဗဟန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ပင်မြင့်သဇင် တေ သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်တို့က ဧည့်ခံဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူလေးများအား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲများကို အမြင့်ဆုံးအဆင့်ဖြစ်သည့် (၁၀)ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကျင်းပလေ့ရှိသည့် (၆) ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲနှင့် အမျိုးသမီး (၄) ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲအမျိုးအစား (၃)မျိုးသတ်မှတ်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့မှ (၂၉)ရက်နေ့အထိ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ရိုးရာခြင်းလုံးကလပ်အသင်းများအပြင် နေပြည်တော် ၊ မန္တလေး ၊ မကွေး ၊ တောင်ငူ ၊ ပြည် ၊ နတ္တလင်း ၊ မုဒုံ ၊ ဇီးကုန်းအစရှိသည့် မြို့များမှ ခြင်းကလပ်အသင်း စုစုပေါင်း (၂၁)သင်း ဝင်ရောက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)