လားရှိုး ဒီဇင်ဘာ ၂၆
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကေသွယ်ဟန်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် စာရေးဆရာမဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က စာဖတ်ဝိုင်းကျင်းပခြင်းမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် စာရေးဆရာ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင် စာစုများ” စာအုပ်တွင်ပါဝင်သည့် ဆောင်းပါးများဖြစ်သည့် “လမ်းလျှောက်ထွက်ကြမယ်”၊ “ခဏလောက် စောင့်ပါဦး”၊ “ရှုမဆုံးတော့သည်”၊ “တန်ဖိုးထားပါ စားစရာ”၊ “မကြည်လင်တဲ့စိတ်နေစိတ်ထား”၊ “စကားပြောဖို့ ခလုတ်နှိပ်ပါ”၊ “ အမှတ်တရအချိန်များ” စသည့် ဆောင်းပါးများကို Book Club အဖွဲ့ဝင်များက ဖတ်ရှုပြီး ဆောင်းပါးနှင့်ပတ်သက်၍ ၎င်းတို့၏အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခြင်းနှင့် ၎င်းတို့သိရှိလိုသည်များ၊ ၎င်းတို့၏အတွေးအမြင်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် လူငယ်စကားဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ Talk show များကို စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
စိုင်းထွန်း (လားရှိုး)