ကျောက်ဆည် ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သတ်၍ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ပြည်တော်သာကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အသိပညာပေးပွဲ ဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးလွင်က စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူသည့် ပစ္စည်းများနှင့် အခြေခံဝန်ဆောင်မှုများရရှိသည့်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့် ရှိခြင်း၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ/အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူ ခွင့်ရှိခြင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့် ရရှိစေ ခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်၍ ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များ အတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်ကျင်တွင်နေထိုင်နိုင်ခွင့် ရရှိစေခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ကုန်စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုအာမခံချက်/သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ ဝယ်ယူ စားသုံးသူအားခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ ၍ အာမခံချက်ပေးခြင်းများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အသိပညာပေးဟောပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာသည့် ပြည်သူများက စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများဝယ်ယူသုံးစွဲမှု များယွင်းမှုများနှင့် ပတ်သတ်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးဇော်မင်းလတ်နှင့်တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)