(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူးကျင်းပသော ဒေသတွင်းရှိ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပါဝင်သည့်အသင်း (၈)သင်းအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်မီးသတ် ၂ သင်း၊ မိုင်ကုန်းအရန်မီးသတ် ၂ သင်း၊ ကန်ကောက်အရှေ့အရန်မီးသတ် ၁ သင်း၊ အောင်ချမ်းသာအရန်မီးသတ် ၁ သင်း၊ မကျီးပင်စောက် အရန်မီးသတ် ၁ သင်း၊ သရက်တပင်အရန်မီးသတ် ၁ သင်း၊ စုစုပေါင်း (၈) သင်း၊ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆုကို မကျီးပင်စောက်အရန်မီးသတ်တပ်ဖွဲ့၊ ဒုတိယဆုအား မိုင်ကုန်းအရန်မီးသတ်တပ်ဖွဲ့မှလည်းကောင်း၊ တတိယဆုကို အောင်ချမ်းသာအရန်မီးသတ်တပ်ဖွဲ့ တို့က အသီးသီးဆုတံဆိပ်နှင့် ငွေသားဆုများကို ရရှိခဲ့ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုများပေးအပ်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့်တာဝန်ရှိသူများက ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)