ဆီဆိုင် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာလွင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်း တာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနများ အလိုက် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းတာဝန်များ အနေဖြင့် ပြည်ထောင်စု ရန်ပုံငွေကျပ်(၁၂၈၃၁.၅၀၉)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၃၇)ခု၊ ပြည်နယ် ရန်ပုံငွေကျပ် (၄၂၉၅.၄၆၆)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၆၃)ခု၊ စုစုပေါင်း ရန်ပုံငွေကျပ်(၁၇၁၂၆.၉၇၅)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၀၀)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံကိန်းဦးစီးရုံးမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)