ကျောက်တလုံးကြီး ဒီဇင်ဘာ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွား၊ ပဲစိုက်ပျိုးခြင်းနှင့် အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ပဲစင်းငုံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးကျေးရွာအုပ်စု၌ ပဲစင်းငုံကို အများစုစိုက်ပျိုးကြပြီး ယခင်က ဒေသတွင်း ပဲစင်းငုံစိုက်ဧက နည်းပါးသော်လည်းယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးမှုများရှိလာကြောင်း၊ စိုက်ပျိုးမြေ (၁) ဧကလျှင် ပဲစင်းငုံမျိုး (၄) ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပြီး၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် (၅) လခန့်ကြာမြင့်ကြောင်း၊ ယခင်က ပဲစင်းငုံ (၁) ဧကစိုက်ခင်းအတွက် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခ၊ မြေဩဇာများအတွက် ကုန်ကျစရိတ် (၅)သိန်းခန့် ကုန်ကျပြီး ယခုကာလတွင် စက်သုံးဆီနှင့်မြေဩဇာဈေး မြင့်တက်မှုကြောင့် ခန့်မှန်းကုန်ကျစရိတ် (၇)သိန်းကျော် ကုန်ကျသော်လည်း ဒေသတွင်းပဲစင်းငုံ (၁)တင်းလျှင် ကာလပေါက်ဈေး ၄၅၀၀၀ မှ ၅၀၀၀၀အထိရရှိမည်ဖြစ်၍ အမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ပဲစင်းငုံသီးသန့်စိုက်ပျိုးသူများရှိသကဲ့သို့ အစေ့ထုတ်ပြောင်းနှင့် သီးညှပ်စိုက်ပျိုးကြသူများလည်းရှိကြောင်း ပဲစင်းငုံစိုက်ပျိုးသူ ဦးခွန်မောင်စိန်ထံက သိရသည်။
ဇော်နိုင်လင်း