ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ရေပြာကျေးရွာရှိ ရေပြာရွာဦးဘုန်းတော်ကြီးကျောင်းတွင် အခြေခံစာတတ်မြောက်ရေးသင်တန်း၌ သင်ကြားပို့ချနေခြင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုခဲ့သည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်အတွင်း စာသင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့မှုအခြေအနေများနှင့် စာသင်ဝိုင်းများတွင် စာသင်ကြားပို့ချမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် အခြေခံစာတတ်မြောက်ရေးဆောင်ရွက်မှုအနေဖြင့် ရေပြာကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာအုပ်စု၊ အောင်သီရိရပ်ကွက်နှင့် ဆင်ဖြူရှင်ရပ်ကွက်တို့တွင် စာသင်ဝိုင်း ၄ ဝိုင်းဖွင့်လှစ်၍ တစ်ဝိုင်းလျှင် သင်တန်းနည်းပြ ၂ ဦးစီဖြင့် သင်တန်းသား ၄၉ ဦး တက်ရောက်လျှက်ရှိသည်။ အဆိုပါသင်တန်းအား ဒီဇင်ဘာ ၂၃ ရက်မှစ၍ တစ်နေ့လျှင် ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ ကြာ အခြေခံမြန်မာစာနှင့် အခြေခံသင်္ချာတို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သန်းသန်းနွယ်(ပုဗ္ဗ)