ကျိုင်းလပ်မြို့၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိ

ကျိုင်းလပ် ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ဒေသခံများသည် မိသားစုစီးပွားရေးဖူလုံရေးအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ ဟင်းသီးဟင်းရွက်များ ရောင်းအားကောင်းသဖြင့် ဝင်ငွေတစ်ခုအနေဖြင့် သခွားသီး၊ ပဲတောင့်ရှည်၊ မုန့်ညင်းနှင့် ပန်းမုန်လာစသဖြင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး စိုက်ပျိုးထားကာ ရာသီပေါ်ဟင်းသီးဟင်းရွက်ဖြစ်သည့်အတွက် အချိန်တိုအတွင်း ခူးဆွတ်ရောင်းချနိုင်ပြီး မုန့်ညင်း(၁)စီး (၅၀၀)ကျပ်၊ ပဲတောင့်ရှည်(၁)စီး (၅၀၀)ကျပ်၊ သခွားသီး အလုံးသေး(၃)လုံး (၅၀၀)ကျပ်၊ အလုံးကြီး(၂)လုံး (၅၀၀)ကျပ် စသဖြင့် ရောင်းချရသောကြောင့် မိသားစုနေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူများသည် ထွက်ရှိသမျှ ဟင်းသီးဟင်းရွက်များကို ကျိုင်းလပ်မြို့အတွင်းရောင်းချခြင်း၊ ဆိုင်ကယ်ဖြင့်လှည့်လည်ရောင်းချခြင်းများ ပြုလုပ်ပြီး ဖောက်သည်များကလည်း စိုက်ခင်းသို့ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)