ပူတာအို ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်ပွဲတော်ကို ယခုလ လဆန်းပိုင်းမှ စတင်ပြီး ဂိုဏ်းဂဏအသီးသီးတွင် ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၂၅)ရက်နေ့တွင် ကျင်းပပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ခရစ်တော်မွေးနေ့လဖြစ်သည့် ဒီဇင်ဘာလတွင် ခရစ်တော်မွေးနေ့ကို ကြိုဆိုသောအားဖြင့် ဂိုဏ်းဂဏ အသီးသီး၌သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အသင်းတော် အသီးသီး၌သော်လည်းကောင်း၊ ရုံးဌာနဆိုင်ရာ အဖွဲ့အစည်းများအလိုက်သော်လည်းကောင်း ခရစ္စမတ်ပွဲတော်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပွဲတော်တွင် ဝတ်ပြုဆုတောင်းခြင်းများ၊ အကပဒေသာများ၊ ပြဇာတ်များ၊ ခရစ္စမတ်တေးသီချင်းများ သီဆို ချီးမွမ်းခြင်းအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ခရစ်တော်မွေးနေ့ကို ကြိုဆိုသောအားဖြင့် ယခုလဆန်းပိုင်းမှ စတင်ပြီး ဘုရားကျောင်းများ၊ နေအိမ်များ၊ဌာနဆိုင်ရာရုံးများ၊ ဟိုတယ်များ စသည့် နေရာအနှံ့အပြားတွင် ခရစ္စမတ်ကာလ အလှဆင်ပစ္စည်းများဖြစ်သည့် ရောင်စုံမီးလုံးများ ထွန်းညှိအလှဆင်ထားခြင်း၊ ခရစ္စမတ်သစ်ပင် စိုက်ထူအလှဆင်ခြင်း၊ Merry Christmas စာသားပါ ရောင်စုံစာတန်းများ ကပ်ခြင်း၊ ဗီနိုင်း၊ ပိုစတာနှင့် ခရစ္စမတ်ကာလ အလှဆင်ပစ္စည်း အမျိုးမျိုး အလှဆင်ခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောသော အနာဂတ်ကို ကြိုဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)