ပျော်ဘွယ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၂၆

ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများကို သိရှိထားရန်လိုအပ်ခြင်းကြောင့် ယခုလိုအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက မိမိကိုယ်တိုင် မီးဘေးအန္တရာယ်မှကာကွယ်ရမည့်နည်းလမ်းများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ ဆုံးရှုံးမရှိစေရန်အတွက် ကာကွယ်ရမည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နည်းများကို သင်ကြားပြသပေးပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဝန်ထမ်းများကိုယ်တိုင် လက်တွေ့လေ့ကျင့်သရုပ်ပြခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)