မိုင်းယောင်းမြို့နယ်တွင် ကောက်ညှင်းကျည်တောက် ဝယ်ယူစားသုံးသူများပြား

မိုင်းယောင်း ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီစာကောက်ညှင်းကျည်တောက်(ပေါင်းတင်း)များကို ဝယ်ယူစားသုံးသူများပြားသဖြင့် ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသပေါင်းတင်းဝါး၊ ကောက်ညှင်းဆန်နှင့် အုန်းနို့တို့ဖြင့် သဘာဝအတိုင်း ပြုလုပ်ထားသည့်အတွက် အနံ့အရသာ ထူးခြားကောင်းမွန်ခြင်းကြောင့် ဝယ်ယူစားသုံးသူ များပြားလျက်ရှိသည်။ ကောက်ညှင်းကျည်တောက်တစ်ချောင်းလျှင် ကျပ် ၃၀ဝဝ မှ ၇၀၀၀ အထိ ရောင်းရပြီး ပိုင်းဖြတ်ပြီးသော ကောက်ညှင်းကျည်တောက်တစ်ခုလျှင် ကျပ် ၅၀၀ မှ ၁၀၀၀ အထိရောင်းရသည်။ ဆောင်းရာသီကာလတွင် ကောက်ညှင်းကျည်တောက် ပူပူနွေးနွေးကို နံနက်စာအဖြစ် အများဆုံးစားသုံးကြသည်။ ထို့ပြင် ပွင်းလင်းရာသီဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်များကလည်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း